ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများအား (၁၈) ကြိမ်မြောက် ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ပို့ဆောင်


News January 9, 2021 8:15 am

အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ (COVID-19) တားဆီး ကာကွယ်ရေးအစီအမံတွေကြောင့် ဂျပန်နိုင်ငံမှာ အခက်အခဲတွေ ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံသားတွေနဲ့ မိသားစုတွေကို ပြန်လည်ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်...


(၁၈) ကြိမ်မြောက် ကယ်ဆယ်ရေးလေယာဉ် (Relief Flight)ကို တိုကျိုမြို့မှာရှိတဲ့ မြန်မာသံရုံးက မြန်မာနိုင်ငံရှိ သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့ ဆက်သွယ်ညှိနှိုင်းစီစဉ်ပေးခဲ့တာလည်း ဖြစ်ပါတယ်...
အဆိုပါ (၁၈) ကြိမ်မြောက် ကယ်ဆယ်ရေးလေယာဉ်မှာ ဂျပန်နိုင်ငံကို ကာလတို ဗီဇာနဲ့ အလည်အပတ်လာရောက်ခဲ့ပြီး၊ မြန်မာနိုင်ငံကို အချိန်မီ ပြန်လည်မထွက်ခွာနိုင်သူတွေ၊ ပညာတော်သင်တွေ၊ အလုပ်အကိုင်အခက်အခဲရှိသူတွေ၊ အလုပ်သင် သင်တန်းပြီးဆုံးသူတွေ၊ မှီခိုသူမိသားစုဝင်တွေနဲ့ ဂျပန်နိုင်ငံ ဆိပ်ကမ်းတွေမှာစောင့်ဆိုင်းနေတဲ့ သင်္ဘောသားတွေ စုစုပေါင်း (၁၀၁) ဦး လိုက်ပါသွားခဲ့ကြတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်...


ဒါအပြင် မြန်မာနိုင်ငံရှိ ဝန်ကြီးဌာနတွေနဲ့ နှစ်ဖက်ပူးပေါင်း ဆောင်ရွက်မှု လုပ်ငန်းတွေ ဆောင်ရွက်လျက်ရှိတဲ့ ဂျပန်နိုင်ငံက ပညာရှင်/ ကျွမ်းကျင်သူ ဝန်ထမ်းတွေ စုစုပေါင်းအယောက် (၃၀)လည်း လိုက်သွားခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်...


အခုလို (၁၈)ကြိမ်မြောက် ကယ်ဆယ်ရေးလေယာဉ်နဲ့ မြန်မာနိုင်ငံသားတွေနဲ့ မိသားစုတွေ အဆင်ပြေစွာ ထွက်ခွာနိုင်ရေးအတွက်လည်း မြန်မာသံရုံးက တာဝန်ရှိ သူတွေ၊ All Nippon Airways မှ ဝန်ထမ်းတွေနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ထမ်းတွေက လိုအပ်တာတွေကို ပံ့ပိုးကူညီပေးခဲ့တယ်လို့ သိရပါတယ်...

Sourse / Photo ; MOFAM