ကိုဗစ်ကာလအတွင်း မြန်မာနိုင်ငံမှ ငါးများ ပြည်ပတင်ပို့မှုနှင့် ပြည်တွင်းငါးစားသုံးမှု တိုးတက်စေရေးအတွက် ငါးစားသုံးမှုဖွံ့ဖြိုးတိုးတက်ရေးအစည်းအဝေး ကျင်းပ


News January 9, 2021 12:00 pm

ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း စီးပွားရေးလုပ်ငန်းတွေ လုပ်ဆောင်ရာမှာ အခက်အခဲတွေနဲ့စိန်ခေါ်မှုများစွာ ကြုံတွေ့နေရပြီး ပြည်ပသို့ ငါးအပါအဝင် ရေထွက်ပစ္စည်း တင်ပို့မှုတွေမှာ အခက်အခဲတွေ အဆင်မပြေမှုတွေ ရှိနေတယ်လို့ သိရပါတယ်...


ပြည်တွင်းဈေးကွက်မှာလည်း ငါးနဲ့ ရေထွက်ကုန်ပစ္စည်းစားသုံးမှုတွေ လျော့နည်းနေတာကြောင့် ပြည်တွင်းပြည်ပဈေးကွက်တွေမှာ ဖွံ့ဖြိုးတိုးတက်စေဖို့ ရည်ရွယ်ပြီး ကိုဗစ်ကာလအတွင်း မြန်မာနိုင်ငံမှ ငါးများ ပြည်ပတင်ပို့မှုနှင့် ပြည်တွင်းငါးစားသုံးမှု တိုးတက်စေရေးအတွက် ငါးစားသုံးမှုဖွံ့ဖြိုးတိုးတက်ရေးအစည်းအဝေး ကျင်းပတာဖြစ်တယ်လို့ UMFCCIကနေ သိရပါတယ်...

အစည်းအဝေးကိုတော့ ကုန်သည်စက်မှုအသင်းချုပ်က အထွေထွေအတွင်းရေးမှူးချုပ် ဦးအေးဝင်း တက်ရောက်ခဲ့ပြီး ငါးစားသုံးမှုဖွံ့ဖြိုးတိုးတက်စေရန်အတွက် သန့်ရှင်းလတ်ဆတ်မှု၊ ပိုးမွှားကင်းရှင်းမှု၊ သတ်မှတ်ထားသော GMP GAP (Good Aguaculture Practices), HACCP တို့နဲ့ ကိုက်ညီမှုရှိဖို့ အဓိကလိုအပ်ကြောင်းဆွေးနွေးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်... မြန်မာနိုင်ငံမှ ငါးတင်ပို့မှုဟာ နိုင်ငံခြားဝင်ငွေရရှိတဲ့ လုပ်ငန်းဖြစ်တဲ့အတွက် စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအပါအဝင် သက်ဆိုင်ရာဝန်ကြီးဌာနတွေ၊ တိုင်းနှင့်ပြည်နယ် အစိုးရအဖွဲ့အစည်းတွေ၊ ငါးမွေးမြူရေးနှင့်ဆက်စပ်တဲ့ အဖွဲ့အစည်းတွေ ပူးပေါင်းဆောင်ရွက်ပြီး ကိုဗစ်ကာလအလွန်မှာ ဆက်လက်ရှင်သန်ကာ ပြန်လည်တင်ပို့နိုင်ဖို့ ဆောင်ရွက်ကြရမယ်လို့လည်း ဆိုပါတယ်...

အဆိုပါ အစည်းအဝေးကိုတော့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနဲ့ သက်ဆိုင်ရာဝန်ကြီးဌာနတွေက တာဝန်ရှိသူတွေ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့က တာဝန်ရှိသူတွေ စီးပွားရေးသံမှူးတွေ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်နဲ့ သက်ဆိုင်ရာအသင်းအဖွဲ့တွေက တာဝန်ရှိသူတွေ တက်ရောက်ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်...

Sourse / Photo ; UMFCCI