မြန်မာနိုင်ငံတွင် ပထမဦးဆုံး “MoCOM E-Commerce Innovation Challenge” ကို မိတ်ဆက်


News November 13, 2020 12:00 pm

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနဟာ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ် (UNDP Myanmar)ရဲ့ ကူညီထောက်ပံ့မှုနဲ့ ပထမဦးဆုံးသော E-Commerce Innovation Challenge ကို စတင်ဆောင်ရွက်ပြီဖြစ်တယ်...


အဆိုပါ MoCOM E-Commerce Innovation Challenge ကို ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်နေ့မှ ဒီဇင်ဘာလ ၃၀ ရက်နေ့အထိ ပြုလုပ်သွားမှာဖြစ်ပြီး မြန်မာနိုင်ငံ COVID-19 စီးပွားရေးထိခိုက်မှုသက်သာရေးစီမံချက် (CERP) ရဲ့ ပန်းတိုင် ၅.၁ အောက်ရှိ လုပ်ငန်းအစီအစဉ်များ အကောင်အထည်ဖော်မှုကို အရှိန်အဟုန်မြှင့်တင်ပေးနိုင်မယ့် အချိန်ကိုက်ဆောင်ရွက်ချက်တစ်ခုဖြစ်တယ်လို့ နိုဝင်ဘာလ ၁၁ ရက်နေ့ကပြုလုပ်တဲ့ အွန်လိုင်းစာနယ်ဇင်းရှင်းလင်းပွဲမှ သိရပါတယ်...

အခုလက်ရှိဖြစ်ပွားနေဆဲဖြစ်တဲ့ ကမ္ဘာ့ကူးစက်ရောဂါက မိရိုးဖလာ စီးပွားရေးလုပ်ငန်းအမြောက်အများကို ခြိမ်းခြောက်နေတာကြောင့် စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေနဲ့ ဒီဂျစ်တယ်အသွင်ပြောင်းမှုကို အရှိန်မြှင့်တင်ဖို့ ရှေးရှုပြီး ဒီဂျစ်တယ်ဆန်းသစ်တီထွင်မှုကို အရှိန်မြှင့်တင်ဖို့၊ ဆန်းသစ်တီထွင်မှုကနေတစ်ဆင့် ဒီဂျစ်တယ်ကူးပြောင်းမှုကို အားပေးမြှင့်တင်ဖို့နဲ့ ပြည်တွင်းရော ပြည်ပမှာပါ စီးပွားရေးကဏ္ဍ စုံလင်စွာ တိုးမြှင့်ဆောင်ရွက်နိုင်ဖို့ UNDP ကဲ့သို့သော ဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့အစည်းများနဲ့ ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်...


COVID-19 သက်ရောက်မှုကို ကြံ့ကြံ့ခံတွန်းလှန်နိုင်ရေး အဓိကမဟာဗျူဟာ တစ်ခုအဖြစ် စီးပွားရေးလုပ်ငန်းများ အွန်လိုင်းအသုံးပြုနည်းလမ်း များကို လိုက်ပါအသုံးပြုသွားနိုင်ဖို့ မျှော်လင့်ပါတယ် လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ Digital Trade နှင့် E-Commerce ဖွံ့ဖြိုးတိုးတက်ရေးဆပ်ကော်မတီ၊ ဥက္ကဌ ဦးအောင်ထူးက ပြောခဲ့ပါတယ်...
အခုလို E-Commerce Innovation Challenge ကို ဆောင်ရွက်ရတဲ့ ရည်ရွယ်ချက်ကတော့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ် (UNDP Myanmar) တို့က အသေးစား၊ အငယ်စားနှင့် အလတ်စားလုပ်ငန်းများ၊ လူငယ် ဆန်းသစ်တီထွင်သူများ၊ စွန့်ဦးတီထွင်လုပ်ငန်းရှင်များ၊ ဂေဟစနစ်အတွင်းပါဝင်ဆောင်ရွက်သူများအနေနဲ့ မြန်မာနိုင်ငံရဲ့ E-Commerce ကဏ္ဍ အနာဂတ်ကို ပုံဖော်နိုင်ရန် အားပေးကူညီရန် ဖြစ်ပါတယ်...


အဆိုပါ ဆန်းသစ်တီထွင်မှုစိန်ခေါ်ပွဲများကို အပိုင်း (၂) ပိုင်းခွဲကာ ပြုလုပ်သွားမှာဖြစ်ပြီး ပထမအပိုင်းအတွက် ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလလ ၁၁ ရက်နေ့ နှင့် ဒုတိယပိုင်းအတွက် ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်နေ့မှ စတင်ပြီး စာရင်းပေးသွင်း နိုင်မည်ဖြစ်ပါတယ်...
ဤစိန်ခေါ်ပွဲများအတွက် ဆုကြေးငွေစုစုပေါင်း တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၅၀,၀၀၀ ဖြစ်ပြီး အနိုင်ရရှိသူများအနေနဲ့ ရရှိတဲ့ ဆုကြေးငွေကို ၎င်းတို့ရဲ့လုပ်ငန်းများ အတွက် မိမိတို့အနိုင်ရရှိထားတဲ့ ဆန်းသစ်တီထွင်ထားသောဖြေရှင်းချက်များကို အကောင်အထည်ဖော်ရာမှာ အသုံးချ နိုင်မှာဖြစ်တယ်လို့ သိရပါတယ်...