မိုင်းပန်မြို့တွင် မဲဆန္ဒရှင်သက်သေခံလက်မှတ်နှင့် နှာခေါင်းစည်း KN 95 (Mask) များပေးဝေခဲ့


News November 8, 2020 8:29 am

မိုင်းပန်မြို့နယ်မှာ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံသို့လာရောက်ပြီး ဆန္ဒမဲပေးမယ့် မဲဆန္ဒရှင်များအား အဆင်ပြေချောမွေ့စွာ မဲပေးနိုင်ရေးအတွက် မဲဆန္ဒရှင်သက်သေခံလက်မှတ်နှင့် နှာခေါင်းစည်း KN 95(Mask) များအား နိုဝင်ဘာလ ၆ ရက်နေ့ မနက်ပိုင်းကစပြီး မြို့နယ်အတွင်းရှိ မဲဆန္ဒရှင်များရဲ့လက်ဝယ်အရောက် မြေပြင်ကွင်းဆင်းပေးအပ်ခဲ့ကြတယ်လို့ သိရပါတယ်...


အခုလိုပေးအပ်ရာမှာတော့ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများနှင့်အတူ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူး မင်းဆွေ၊ မြို့နယ် ကော်မရှင်အရာရှိ ဒေါ်နန်းဆွယ်ငင်းတို့ လိုက်ပါပြီး သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စုအလိုက် မြေပြင်ကွင်းဆင်းပေးအပ်ခဲ့ကြပါတယ်...
မဲဆန္ဒရှင်များအနေနဲ့ဆန္ဒမဲလာရောက်ပေးရာမှာ မဲဆန္ဒရှင် သက်သေခံလက်မှတ်ယူဆောင်လာခြင်းဖြင့် မိမိရဲ့အမည်စာရင်းကို မြန်မြန်ဆန်ဆန်ရှာနိုင်တာကြောင့် ဆန္ဒမဲပေးရာမှာ လွယ်ကူလျှင်မြန်စေမှာ ဖြစ်တယ်လို့ သိရပါတယ်...


အဆိုပါ မဲဆန္ဒရှင်သက်သေခံလက်မှတ်ကို မိုင်းပန်မြို့နယ်အတွင်းရှိ ဆန္ဒမဲမပေးရသေးတဲ့ မဲဆန္ဒရှင်များ အားလုံးထံသို့ အချိန်မီပေးအပ်သွားမှာဖြစ်ပြီး မဲရုံသို့လာရောက်ရာမှာလည်း နှာခေါင်းစည်း (Mask) တပ်ဆင်ပြီး လာရောက်ကြစေရန်အတွက် မဲဆန္ဒရှင်တစ်ဦးလျှင် နှာခေါင်းစည်း KN 95 (Mask) (၁) ခုနှုန်း ဖြန့်ဝေပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်...


မိုင်းပန်မြို့နယ်မဲဆန္ဒနယ်အတွင်းမှာ မဲဆန္ဒရှင်ဦးရေ စုစုပေါင်း (၁၃,၃၄၆) ဦးရှိပြီး နိုဝင်ဘာလ (၅) ရက်နေ့ အထိစာရင်းများအရ ကြိုတင်ဆန္ဒမဲပေးသူ စုစုပေါင်း(၄,၇၁၅)ဦး ရှိပြီးဖြစ်တယ်လို့ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲထံမှ သိရပါတယ်...

Sourse / Photo ; San Myint