ထိုင်းကလပ် ဘူရီယမ်အသင်းမှ အောင်သူကို တရားဝင် ကမ်းလှမ်း


Sports November 13, 2020 7:30 am

ထိုင်းကလပ် ဘူရီယမ်အသင်းမှ တိုက်စစ်မှုး အောင်သူကို အမေရိကန် ဒေါ်လာ ၅ သောင်းနဲ့ တရားဝင် ကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်...
အောင်သူကို ခေါ်ယူနိုင်ဖို့အတွက် ဘူရီယမ်အသင်းဟာ ရတနာပုံအသင်းကို တရားဝင်ဆက်သွယ်လာတာဖြစ်ပြီး နှစ်ဖက်အသင်း တာဝန်ရှိသူတွေ ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်...


လက်ရှိမှာတော့ ညှိုနှိုင်းနေဆဲအနေအထားမှာသာ ရှိနေသေးပြီး အမေရိကန်ဒေါ်လာ ၅ သောင်းနဲ့ တရားဝင်ကမ်းလှမ်းထားတယ်လို့ ရတနာပုံအသင်း တာဝန်ရှိသူက ဆိုပါတယ်...
မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းရဲ့ တိုက်စစ်မှုးတစ်ဦးဖြစ်သလို ရတနာပုံအသင်းရဲ့ ကစားသမားတစ်ဦးလည်းဖြစ်တဲ့ အောင်သူဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီတွေမှာ ထိုင်းလိဂ်မှာ ကစားခဲ့ဖူးသူဖြစ်ပြီး (၂၀၁၈) ခုနှစ်မှာ Police Tero အသင်းနဲ့ (၂၀၁၉)ခုနှစ်မှာ မြောင်တောင်အသင်းမှာ ကစားခဲ့တဲ့သူပါ...
Police Tero အသင်းမှာတော့ သူဟာ ခြေစွမ်းပြကစားနိုင်ခဲ့သူ ဖြစ်ပြီး မြောင်တောင်အသင်းမှာတော့ ပုံမှန်ပွဲထွက်ခွင့်ရဖို့ ရုန်းကန် ခဲ့ရပါတယ်...


ဒါ့ကြောင့် ယခုနှစ်ဘောလုံးရာသီမှာ မိခင်ကလပ် ရတနာပုံအသင်းကို ပြန်လာခဲ့ပြီး လက်ရှိမှာလည်း ပွဲထွက်ပါဝင်ကစားနေသူပါ...
အောင်သူကို ကမ်းလှမ်းထားတဲ့ ထိုင်းလိဂ်-၁ ကလပ် ဘူရီယမ်အသင်းဟာ အာရှအဆင့်ရှိတဲ့ အင်အားကြီးကလပ်အသင်းတစ်သင်းဖြစ်သလို နောက်ဆုံး ၃ နှစ်အတွင်းမှာ အမှတ်ပေးချန်ပီယံ ၂ ကြိမ်နဲ့ ဒုတိယတစ်ကြိမ် ရရှိထားတယ်လို့ သိရပါတယ်...