ချယ်လ်ဆီးအသင်းရဲ့ စာချုပ်သစ်ကမ်းလှမ်းမှုကိုပယ်ချပြီး အသင်းကနေထွက်ခွာတော့မယ့် ခံစစ်မှူး ရူဒီဂါ…..

ချယ်လ်ဆီးနည်းပြ သောမတ်စ်တူချယ် က နောက်ခံလူ အန်တိုနီယို ရူဒီဂါ ဟာ စတန်းဖို့ဒ်ဘရစ်ချ်ကနေ ထွက်ခွာဖို့ဆုံးဖြတ်လိုက်ပြီလို့ ဝက်စ်ဟမ်းကိုအနိုင်ရပွဲအပြီးမှာ အတည်ပြုလိုက်ပါတယ်.....

ချယ်ဆီးအသင်းဖက်က စာချုပ်သစ်အတွက် တပတ်လုပ်ခ ပေါင် ၂ သိန်းကျော်အထိတိုးမြှင့်ကမ်းလှမ်းခဲ့ပေမယ့် ရူဒီဂါ က ကမ်းလှမ်းမှုကိုပယ်ချပြီး ယခုနှစ်ဘောလုံးရာသီအကုန်မှာ အလွတ်ပြောင်းရွေ့ကြေးနဲ့ အသင်းကထွက်ခွာဖို့ဆုံးဖြတ်ခဲ့တာပဲဖြစ်ပါတယ်.....

ဒီကမ်းလှမ်းချက်ဟာ ချယ်လ်ဆီးအသင်းအနေနဲ့ နောက်ဆုံးကမ်းလှမ်းချက်ဖြစ်ပြီး ဒါဟာ ချယ်လ်ဆီးအသင်းသမိုင်းတစ်လျှောက် လစာအကောင်းဆုံးနောက်ခံလူ ဖြစ်လာစေမှာပဲဖြစ်ပါတယ်.....

 

ဂျာမနီလက်ရွေးစင် ခံစစ်မှူး အန်တိုနီယို ရူဒီဂါ ဟာ စာချုပ်သစ်ကမ်းလှမ်းမှုကို ငွေကြေးအကြောင်းပြချက်တစ်ခုတည်းနဲ့သာ ပယ်ချခဲ့တာဖြစ်ပြီး ယခင်အသင်းပိုင်ရှင် ရုရှားရေနံဘီလျံနာ ရိုမန်အေဘရာမိုဗစ်ချ် အပေါ် ဗြိတိန်အစိုးရမှ စီးပွားရေးအရ ပိတ်ဆို့အရေးယူမှုတွေမလုပ်ခင်ကတည်းက ချယ်လ်ဆီးအသင်းရဲ့ လစာတိုးမြှင့်ကမ်းလှမ်းမှုတွေကို တောက်လျှောက်ငြင်းပယ်လာခဲ့တာလို့ သိရပါတယ်.....

ရူဒီဂါ ဟာ ၂၀၁၇ ခုနှစ်မှာ ရိုးမားအသင်းအနေ ချယ်လ်ဆီးအသင်းကို ကနဦးပေါင် ၂၉ သန်းဖြင့် ရောက်ရှိလာခဲ့တာဖြစ်ပြီး ၁၂ ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၇ ကြိမ် စွမ်းဆောင်ထားကာ ချယ်လ်ဆီးအသင်းနဲ့အတူ FA Cup, Super Cup, Europa League, Champions League ဖလားများကို အောင်မြင်မှုရရှိခဲ့ပါတယ်.....

လက်ရှိမှာတော့ ရူဒီဂါ ဟာ သူလိုချင်တဲ့လစာပမာဏ ဘာစီလိုနာကိုကျော်ပြီး ကမ်းလှမ်းပေးနိုင်မယ့် ရီးရဲလ်မက်ဒရစ်ကို ရွေးချယ်ဖို့ခန့်မှန်းရပေမယ့် ရူဒီဂါရဲ့အေးဂျင့်ကတော့ ဒီစပိန်အင်အားကြီးကလပ် ၂ သင်းအပြင် ပီအက်စ်ဂျီ၊ ဘိုင်ယန်မြူးနစ်နဲ့ မန်ချက်စတာယူနိုင်တက် တို့ထံမှလည်း ကမ်းလှမ်းတွေကို  လက်ခံဆွေးနွေးထားတယ်လို့ ထပ်မံသိရှိရပါတယ်.....

အလွတ်ပြောင်းရွေ့ကြေးနဲ့ ထိပ်တန်းခံစစ်မှူး အန်တိုနီယို ရူဒီဂါ တစ်ယောက် လာမယ့်ရာသီမှာ ဘယ်အသင်းကိုရောက်နိုင်မလဲ...? အဖြေကတော့ ဘောလုံးဝါသနာရှင်ပရိသတ်တွေအတွက်တော့ စောင့်ကြည့်ရမယ့်သတင်းကောင်းတစ်ခုလာပါလိမ့်မယ်.....